ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးမြို့နယ် ၊ ညောင်နှစ်ပင် သင်တန်းကျောင်း ၊ မြေဧရိယာ (၅၅၅.၈၁)ဧက ပေါ်တွင် KMIC Industrial Complex စီမံကိန်း ဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန နှင့် Korea Land and Housing Corporation တို့အကြား ဖက်စပ်လုပ်ငန်း သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၇-၈-၂၀၁၉)ရက် (၁၄:၀၀)အချိန်တွင် နေပြည်တော် ၊ ရုံးအမှတ်(၁၁) ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ စုဝေးခန်းမဆောင် ၌ ကျင်းပပြုလုပ်ပါသည်။ အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့် ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ကိုရီးယားနိုင်ငံမှ LH CEO, Mr. Byun Chang Heum နှင့် တာဝန်ရှိသူများ ၊ Global SAE - A မှ CEO, Mr. Kim Ki Myug နှင့် အဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ - ကိုရီးယား နှစ်နိုင်ငံအတွက် အလွန်အရေးပါလှတဲ့ ပေါင်းစပ်မှုအဖြစ် KMIC Development Company Ltd ကို အတူတကွ ထူထောင်ဆောင်ရွက်နိုင်တဲ့အတွက် ယခုအချိန်ဟာ အင်မတန်မှ မင်္ဂလာရှိပြီး ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ၊ နိုင်ငံတကာအဆင့်မီ KMIC စက်မှုဇုန် ထူထောင်မှုဟာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှာ ဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးနဲ့ မြန်မာနိုင်ငံရဲ့ စက်မှုကဏ္ဍ ၊ နိုင်ငံခြားပို့ကုန်ကဏ္ဍ ၊ လူ့စွမ်းအား အရင်းအမြစ်ကဏ္ဍ မြှင့်တင်ပေးနိုင်ပြီး လူမှု့စီးပွားဖွံဖြိုးရေးအတွက် ကြီးမားသော အထောက်အပံ့များ ဖြစ်စေမယ်ဆိုတာ အထူးပင် ယုံကြည်မျှော်လင့်ပါကြောင်း ။ မြန်မာနိုင်ငံအနေနဲ့လည်း စက်မှုဇုန် အောင်မြင်ရေးအတွက် ဇုန်ပြင်ပ အခြေခံအဆောက်အအုံများ (လမ်း ၊ ရေ ၊ လျှပ်စစ်) တို့အတွက် နှစ်နိုင်ငံအစိုးရများက သဘောတူခွင့်ပြုပြီးဖြစ်တဲ့ ကိုရီးယား EDCF ချေးငွေဖြင့် တည်ဆောက်ပြီး လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ။ ကိုရီးယားနိုင်ငံအစိုးရဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒလ ချစ်ကြည်ရေးတံတား တည်ဆောက်ရေး ၊ KMIC စက်မှုဇုန်ထူထောင်ရေးအတွက်သာမက အခြားသောကဏ္ဍစုံမှာ အားတက်သရော ကူညီပံ့ပိုးပေးတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ။ KMIC ကို ကိုရီးယား - မြန်မာ နှစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းအကောင်အထည်ဖော်တဲ့ စီမံကိန်းအဖြစ် ရလာဒ်ကောင်းများနဲ့ တိုးတက်အောင်မြင်လာစေဖို့အတွက် JV ကုမ္ပဏီမှ ပါဝင်လာကြတဲ့ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ၊ LH Corporation နှင့် Global SAE-A တို့ အပြန်အလှန် ယုံကြည်မှုနဲ့ အတူတကွ ပူးပေါင်းမှုများဖြင့် ကြိုးပမ်းအားထုတ်ဆောင်ရွက်ပေးသွားကြဖို့လည်း တိုက်တွန်းပါကြောင်း ။ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်ကြီးအဖြစ် ထူထောင်ဆောင်ရွက်မယ့် KMIC ရဲ့အောင်မြင်မှုက ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ အတူတကွ ပူးပေါင်း၍ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးနဲ့ အနာဂတ်စက်မှုဇုန်များ ထူထောင်ရေးအတွက် အလားအလာကောင်းများနဲ့ များစွာ အထောက်အကူပြုမယ်လို့ ယုံကြည်ပါ ကြောင်းဖြင့် ပြောကြားပါသည် ။ ထို့နောက် Korea Land and Housing Corporation, Chief Executive Officer, Mr. Byun Chang Heum နှင့် Global SAE-A Co.,Ltd , Chief Executive Officer , Mr. Kim Ki Myung တို့မှ နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ ဆက်လက်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန် က စီမံကိန်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည် ။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၏ ရှေ့မှောက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန် ၊ Korea Land and Housing Corporation, CEO , Mr. Byun Chang Heum နှင့် Global SAE-A Co.,Ltd , CEO , Mr. Kim Ki Myung တို့မှ ဖက်စပ်လုပ်ငန်း သဘောတူစာချုပ်များအား လက်မှတ်ရေးထိုးကြပါသည်။


ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန က အကောင်အထည်ဖော် တည်ဆောက်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကျန်စစ်မင်း အိမ်ရာစီမံကိန်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၀)ရက်၊ နံနက်(၀၇:၄၅)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်း ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးလှအေး ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှင့် တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့် ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး ၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်း အမှုဆောင်အရာရှိ ဦးအောင်ကျော်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ကျန်စစ်မင်း အိမ်ရာ နေထိုင်သူများ တက်ရောက်ကြပါသည်။ ကျန်စစ်မင်း အိမ်ရာစီမံကိန်း အပိုင်း(၁)ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး Master Plan အရ အဆောက်အဦ (၇၃)လုံး ၊ အခန်းပေါင်း (၂၃၇၂)ခန်း ပါဝင်ပါသည်။ တည်ဆောက်ပြီး အိမ်ရာများအနက် အဆောက်အဦ (၁၈)လုံး ၏ အခန်းပေါင်း (၃၀၇) ခန်း ကို အများပြည်သူသို့ ငွေလက်ငင်း ပေးချေသည့်စနစ်၊ ၃၀% Down Payment ပေးချေပြီး CHID ဘဏ်မှ ချေးငွေရယူသည့် စနစ်တို့ဖြင့် ရောင်းချပေးခဲ့ပြီး ဖြစ်ပါသည်။ ဆက်လက်၍လည်း တည်ဆောက်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့် အခန်းများကို အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ ရောင်းချပေးရန် စီစဉ်ဆောင်ရွက်လျှက် ရှိပါသည်။


Page 2 of 4

နေ့စဉ်သတင်းစာများရယူရန်