သတင်းထုတ်ပြန်ချက်

အသိပေးကြေညာချက် Thursday, 21 March 2019 00:00
Rate this item
(0 votes)


သော်တာဝင်း ကုမ္ပဏီ က B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်နေသည့် ရန်ကုန် - မန္တလေး လမ်း (မိတ္ထီလာ - မန္တလေး အပိုင်း) သပြေဝ တိုးလ်ဂိတ်သို့ (၃-၃-၂၀၁၉)ရက် (၁၄း၃၄)အချိန် ၊ ယာဉ်အမှတ် 3Q/**** အိမ်စီးကား သည် မန္တလေး မှ ရန်ကုန် ဘက်သို့ သွားသည့် Lane(4)တွင် ရောက်ရှိလာပြီး လမ်း/တံတားအသုံးပြုခ အဖြစ် လမ်းအသုံးပြုခ (၂၀၀)ကျပ်နှင့် စမုံ၊ ဒါန်းချောင်း တံတား(၂)စင်း အသုံးပြုခ (၂၀၀)ကျပ်၊ စုစုပေါင်းကျသင့်ငွေ (၄၀၀)ကျပ် ပေးဆောင်ခဲ့ပါသည်။
ယာဉ်ပေါ်ပါ အမည်မသိ အမျိုးသမီးမှ လမ်း/တံတားအသုံးပြုခ အဖြစ် (၂၀၀)ကျပ်တန် (၁)ရွက်၊ (၁၀၀)ကျပ်တန် (၁)ရွက်၊ (၅၀)ကျပ်တန် (၁)ရွက်နှင့် (၅)ကျပ်တန် (၁၀)ရွက်တို့အား ပေးဆောင်ရာတွင် တိုးလ်ဂိတ်ဝန်ထမ်း ဖြစ်သည့် ငွေကောက်တာဝန်ကျ မခင်သန့်ဇင် မှ “(၅)ကျပ်တန်များ မယူနိုင်ကြောင်း၊ အခြားနေရာတွင် သွားသုံးပါ” ဟု ပြောကြားခဲ့ရာ အချေအတင် အငြင်းပွားသည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါသည်။
တိုးလ်ဂိတ် တာဝန်ခံများက ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်ပေါ်စေရန် အရန် Lane ဖွင့်ပေးခဲ့ပြီး လမ်း/တံတား အသုံးပြုသူမှ ပေးသည့် ငွေအကြွေများကို လက်ခံ၍ ပြေစာဖြတ်ပိုင်းပေးရန် ဆောင်ရွက်ခဲ့ရာ (၁၄း၄၄)အချိန်တွင် အဆိုပါ မော်တော်ယာဉ်အား ဖြတ်သန်းစေခဲ့ပါသည်။
ဖြစ်စဉ်ကို စိစစ်ရာတွင် ငွေကောက်တာဝန်ကျ ဝန်ထမ်း၏ အမြင်မကျယ်မှု၊ ဖြေရှင်းပုံနည်းလမ်း မှားယွင်းမှု တို့ကြောင့် ကုမ္ပဏီအနေဖြင့် ဝန်ထမ်းစည်းကမ်းနှင့်အညီ အဆိုပါဝန်ထမ်းအား အလုပ်မှ ထုတ်ပယ်ပြီး အရေးယူဆောင်ရွက်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ နောင်တွင် အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် တိုးလ်ဂိတ်များတွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားစေခြင်း၊ ခရီးသွားပြည်သူများနှင့် ဆက်ဆံရာတွင် အဆင်ပြေချောမွေ့စေရေး တို့အတွက် တာဝန်ရှိသူ အဆင့်ဆင့်မှ စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန

Read 129 times

နေ့စဉ်သတင်းစာများရယူရန်