CHID ဘဏ်နှင့် CQHP ရုံး အစည်းအဝေးများသို့ တက်ရောက်

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် သည် (၂၃-၉-၂၀၁၉)ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် ရန်ကုန်မြို့ ၊ ဒဂုံမြို့နယ် ၊ နဝဒေးလမ်းရှိ CHID Bank (ရုံးချုပ်) ၌ ဆောက်လုပ်ရေး ၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်မှ ဒါရိုက်တာများ ၊ အဖွဲ့ဝင်များ ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဆောက်လုပ်ရေး ၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် သည် (၅)နှစ်တာ ကာလအတွင်း ဘဏ်၏ လုပ်ငန်းများ တိုးတက်အောင်မြင်လာသည့် အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ၊ ပြည်သူများ နေထိုင်မှု အဆင်ပြေစေရန်အတွက် အိမ်ရာချေးငွေကဏ္ဍ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဘဏ်ခွဲ (၁၄)ခု ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း ၊ ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဘဏ်၏လုပ်ငန်းများ ၊ နည်းပညာများ တိုးတက်အောင် ဆောင်ရွက်ဖို့လိုပါကြောင်း ၊ ဒါရိုက်တာအဖွဲ့ဝင်များ ၊ ဝန်ထမ်းများ အနေဖြင့် ဘဏ်လုပ်ငန်းများ တိုးတက်အောင်မြင်ရေး အတွက် ဆက်လက်ကြိုးစား ဆောင်ရွက်စေလိုကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ဆောက်လုပ်ရေး ၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် ဒါရိုက်တာ အဖွဲ့အစည်းအဝေး (၁၀/၂၀၁၉) ကို ကျင်းပရာ ဘဏ်နာယက ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လမ်းညွှန်အမှာစကား ပြောကြားပါသည်။ ထို့နောက် (CHIDB) ဘဏ်ဥက္ကဌက ဘဏ်လုပ်ငန်းဆိုင်ရာများ နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြပါသည်။ ၎င်းနောက် ဒုတိယဥက္ကဌ က လက်ရှိလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း ၊ အစည်းအဝေးသို့ တက်ရောက်လာသူများ၊ ဒါရိုက်တာအဖွဲ့ဝင်များက ဘဏ်လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြပြီး ဒါရိုက်တာအဖွဲ့ဝင်များက ဒါရိုက်တာအဖွဲ့ အစည်းအဝေး (၁၀/၂၀၁၉) ၏ အမှာစာ များတင်ပြခြင်းနှင့် ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြမှုတို့အပေါ် ပြည်ထောင်စုဝန်ကြီး က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ (CQHP) ရုံးသို့ ရောက်ရှိရာ အစည်းအဝေးခန်းမဆောင်တွင် CQHP ဥက္ကဌ ဒေါက်တာ အောင်ကျော်မြတ် က CQHP ၏ လုပ်ငန်းတာဝန်များ ၊ ပညာရှင်ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၏ ရှေ့ဆက်လက် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားပါသည်။ အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့် နှင့် အစည်းအဝေး တက်ရောက်လာသူများက အထပ်မြင့်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်းများ ၊ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြမှုတို့အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပါသည်။ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ် စစ်ဆေးရေးပညာရှင်အဖွဲ့ အနေဖြင့် အဓိကမြို့ကြီးများ၌ တည်ဆောက်မည့် (၁၂) ထပ်နှင့်အထက် အဆောက်အအုံများ ၊ (၁၂) ထပ်အောက်ဖြစ်သော်လည်း လူ (၅၀၀) နှင့်အထက် အသုံးပြုမည့် အများ ပြည်သူဆိုင်ရာအဆောက်အအုံများကို စံချိန် ၊ စံညွှန်းပြည့်ဝပြီး ခိုင်ခန့်မှု၊ အရည်အသွေးကောင်းမွန် မှုကို ကြီးကြပ်စစ်ဆေးနိုင်ရန် ဥက္ကဌ အပါအဝင် အဖွဲ့ဝင် (၃၃)ဦးဖြင့် ဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Yangon City Gallery တွင် ပြသထားသည့် မြို့ပြအိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ထားသော အိမ်ရာစီမံကိန်း ပြခန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးပါသည်။