ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
ဆင်သေချောင်းတံတား (ကျောက်ချက်) တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း လမ်းဘေးဝဲယာ တစ်လျှောက် သစ်ပင်စိုက်ပျိုးထားမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇူလိုင် ၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၂၃/၁) ရှိ ဆင်သေချောင်းတံတား (ကျောက်ချက်) လေးလမ်းသွားတံတားသစ် တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းနှင့် ပြည်ထောင်စုလမ်းမကြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း လမ်းဘေးဝဲယာတစ်လျှောက် သစ်ပင်စိုက်ပျိုးထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၆) မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး ဘောဂသီရိ အဝေးပြေးကားဝင်းအနီးရှိ အရှည်ပေ ၂၁၀ ဆင်သေချောင်းတံတား (ကျောက်ချက်) မူလ တစ်လမ်းမောင်း သံပေါင်တံတားဟောင်းနေရာတွင် သံကူကွန်ကရစ် လေးလမ်းသွားတံတား အသစ်တိုးချဲ့တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိရာ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က တံတားဒီဇိုင်း တွက်ချက်ရေးဆွဲထားရှိမှု၊ တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဘောဂသီရိအဝေးပြေး ကားဝင်းနှင့် တံတားအနီးလမ်းဆုံ Junction နေရာတွင် ဆောင်ရွက်မည့် ယာဉ်ကြောများ လျာထားခြင်းတို့ကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ချောင်းရေတိုက်စားမှု မဖြစ်စေရေး တွက်ချက် ဆောင်ရွက်ရန်၊ သတ်မှတ် စံချိန်စံညွှန်းများအတိုင်း အရည်အသွေး ကောင်းမွန်စေရေး QC များက စစ်ဆေးပေးရန်၊ မိုးတွင်းကာလမတိုင်မီ ပိုင်တိုင်ရိုက်ခြင်းနှင့် Pier လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်သုံး စက်ယန္တရားများ စနစ်တကျ သုံးစွဲစေရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း Bored Pile လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ PR1 နှင့် PR2 တို့တွင် Pile Cap ၊ Shaft နှင့် Cross Beam လုပ်ငန်းများဆောင်ရွက်နေမှု၊ A1 နှင့် A2 တို့တွင် Abutment လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး နေပြည်တော်ကောင်စီ နယ်မြေ အတွင်း ယခင် (၄) လမ်းသွား အဆင့်မှ (၆)လမ်းသွားအဆင့် လမ်းတာပေါင် တိုးချဲ့ထားရှိသည့် လမ်းကြောင်းတစ်လျှောက် လမ်းဘေးဝဲယာတို့တွင် ယခင်နှစ်များ၌ စိုက်ပျိုးထားရှိပြီးသော အပင်များ ရှင်သန်ဖြစ်ထွန်းမှု၊ ပျက်စီးသွားသောအပင်များကို အစားထိုးစိုက်ပျိုးထားရှိမှုနှင့် ယခုနှစ် မိုးဦးကာလတွင် လမ်းဘေးဝဲယာတစ်လျှောက်အပင်များ ထပ်မံစိုက်ပျိုးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
Jul 05 2023