ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နေပြည်တော်ကောင်စီနယ်မြေအတွင်း သဘာဝဘေးကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း၊ တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် စက်တင်ဘာ ၂၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း သဘာဝဘေး ကြောင့်ပျက်စီးခဲ့သော လမ်း၊ တံတားများ ယာယီပြင်ဆင်ပြီးစီးမှုအခြေအနေ၊ လမ်း၊ တံတားများ၏ ကြံ့ခိုင်မှုအခြေအနေ၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များနှင့်ခရီးသည်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုထားမှုအခြေအနေနှင့် မူလအခြေအနေအတိုင်း အခိုင်အမာပြန်လည်တည်ဆောက်မည့် အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမ်းကပ်ခုံရေတိုက်စား၍ ပျက်စီးသွားသော မွန်းတည့်ခွင်-ကျည်တောင်-ခေါမ-ညောင်ပင်သာ လမ်းပေါ်ရှိတံတားအမှတ် (၅/၁၆) ပေါင်းလောင်းတံတား၌ အရှည်ပေ ၈၀ ၊ ယာဉ်သွားလမ်းအကျယ် ၁၄ ပေ၊ နှစ်လွှာတစ်ထပ် ယာယီဘေလီတံတား ထိုးခြင်းဆောင်ရွက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာမှုနှင့် တံတား၏ကြံ့ခိုင်မှု အခြေအနေကိုလည်းကောင်း၊ လမ်းအပိုင်းရှိ Box Culvert နှင့် လမ်းသားပျက်စီးမှုများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ အား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
အဆိုပါ လမ်းပိုင်းတွင် ပျက်စီးခဲ့သော တံတားအမှတ် (၂/၂၀) ၏ တံတားထိပ်ခုံနှင့် ချဉ်းကပ်လမ်းနေရာတွင် အရှည်ပေ ၈၀၊ ယာဉ်သွားလမ်းအကျယ် ၁၄ ပေ၊ နှစ်လွှာတစ်ထပ် ယာယီဘေလီတံတားထိုးခြင်း ဆောင်ရွက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာ အသုံးပြုနေပြီဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ ဆင်သေချောင်းတံတား (သိုက်ချောင်း)နေရာတွင် ယာဉ်သွားလာမှု ပိုမိုအဆင်ပြေလွယ်ကူစေရေးအတွက် အရှည်ပေ ၁၃၀၊ ယာဉ်သွားလမ်းအကျယ် ၁၄ ပေ၊ နှစ်လွှာတစ်ထပ် ဘေလီသံပေါင်တံတားနှစ်စင်း ယာယီထိုးပေးပြီး အသွားလမ်း၊ အပြန်လမ်းအသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်ထားရှိပြီး ယာဉ်များစနစ်တကျဖြတ်သန်းသွားလာခွင့်ပြုထားသည့်အခြေအနေနှင့် တံတား Pier တိုင်နိမ့်ကျသွားခြင်းကို အခိုင်အမာပြုပြင်ဆောင်ရွက်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆင်သေချောင်းတံတား(ပုပ္ပားကုန်း)၌ အရှည်ပေ ၇၀၊ ယာဉ်သွားလမ်းအကျယ် ၁၄ ပေ၊ တစ်လွှာတစ်ထပ် ဘေလီတံတားထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာလျက်ရှိမှုနှင့် ပျက်စီးသွားသော ချဉ်းကပ်လမ်းနေရာတွင် လမ်းသားပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇) ရှိ နဝင်းချောင်းတံတား (အဆုံတံတား)သို့ သွားရောက်ပြီး ချောင်းရေတိုက်စားပျက်စီးသွားသည့် တံတားချဉ်းကပ်လမ်းနေရာ၌ တန် ၄၀ ခံနိုင်ဝန်ရှိသော အရှည်ပေ ၁၀၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ သုံးလွှာတစ်ထပ် ဘေလီတံတားထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသဖြင့် ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင်မော်တော်ယာဉ်များ သတ်မှတ်ချက်အတိုင်း စနစ်တကျ ဖြတ်သန်းသွားလာမှု၊ တံတားကြံ့ခိုင်မှု၊ တံတား၏ Up Stream နှင့် Down Stream တို့တွင် ရေလမ်းကြောင်း ရှင်းလင်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အမြဲတမ်းတံတားအဖြစ် တည်ဆောက်မည့် လျာထားစီမံချက်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
အဆိုပါ နဝင်းချောင်းတံတားသည် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှိပြီး ခရီးသည်တင်မော်တော်ယာဉ်များ၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာရာတွင် တန် ၄၀ ခံနိုင်ဝန်မှ တန် ၅၀ ခံနိုင်ဝန်အထိ ဖြတ်သန်းခွင့်ပြုနိုင်ရေးအတွက် ထောက်ကူပြင်ဆင်ဆောင်ရွက်ထားသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံ မှုများကြောင့် လမ်း၊ တံတားများပျက်စီးမှုများကို အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး ပြန်လည်ပြင်ဆင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ အများပြည်သူများ သွားလာရေးလွယ်ကူ အဆင်ပြေလျက်ရှိပြီး ကုန်စည်များလည်း အဆက်မပြတ် ပို့ဆောင်နိုင်ပြီဖြစ်ကြောင်း၊ ယာယီပြင်ဆင်ပြီးစီးခဲ့သည့် လမ်း၊ တံတားများ၏ ကြံ့ခိုင်မှုကို နေ့ညမပြတ်စောင့်ကြည့်ကြပ်မတ်လျက်ရှိကြောင်းနှင့် မူလအခြေအနေအတိုင်းဖြစ်စေရေးအတွက် အခိုင်အမာပြင်ဆင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 23 2024