တံတားဦးစီးဌာန / သတင်းများ
ပဲခူးမြို့၌ ပဲခူးမြစ်ရေကြီးမှုကြောင့် ယာဉ်များသွားလာမှုနှင့် ယာဉ်လမ်းကြောင်း ပြတ်တောက်မှုမရှိစေရေး ကြည့်ရှုစစ်ဆေး
နေပြည်တော် အောက်တိုဘာ ၁၀
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန် - မန္တလေးအမြန်လမ်း ၃၉ မိုင် ဘောနက်ကြီး Rest Camp တွင် ပဲခူးမြစ်ရေကြီးမှုကြောင့် ရပ်နားထားသည့်ယာဉ်များ လိုရာခရီးသွားလာနိုင်ရေး၊ ယာဉ်များပိတ်ဆို့ မှုမရှိစေရေးနှင့် ယာဉ်လမ်းကြောင်းများ ပြတ်တောက်မှုမရှိစေရေးအတွက် လိုအပ်သည်များ ပူးပေါင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၄၅/၂ နှင့် ၄၅/၃ ကြားတွင် ရေတိုက်စားခံရပြီး ကမ်းကပ်ခုံလဲကျသွားသည့် ကြက်ချောင်းလက်တက်တံတား ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၇/၁ နှင့် ၃၇/၂ အကြားရှိ အရှည်ပေ ၂၄၀ စစ်ပင်ဆိပ်တံတား ကြံ့ခိုင်မှု၊ မိုင်တိုင်အမှတ် ၁၃/၄ နှင့် ၁၃/၅ အကြားရှိ ရိုးချောင်းတံတားရေစီးဆင်းမှု၊ မိုင်တိုင်အမှတ် ၁၂/၀ နှင့် ၁၂/၁ အကြားရှိ ဖောင်ကြီးခုံးကျော် Under Pass ရေကျော်နေမှု၊ မိုင်တိုင်အမှတ် ၁၁/၇ နှင့် ၁၂/၀ အကြားရှိ ငမိုးရိပ်မြောင်တံတား ရေစီးဆင်းနေမှု၊ မိုင်တိုင်အမှတ် ၁၁/၂ နှင့် ၁၁/၃ အကြားရှိ ငမိုးရိပ်တံတား ကြံ့ခိုင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 12 2023