...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

တံတားဦးစီးဌာန / သတင်းများ


တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးကောင်းမွန်ရေးသည် မိမိတို့၏ အဓိကတာဝန်ဖြစ်

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်သည့် ပဲခူးမြစ်ကူးတံတား(သန်လျင် တံတားအမှတ်-၃)တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ဦးစွာ တံတားတည်ဆောက်ရေးရှင်းလင်းဆောင်တွင် တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက တံတားနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးကောင်းမွန်ရေးသည် မိမိတို့၏ အဓိကတာဝန်ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ်အင်ဂျင်နီယာများ မွေးထုတ်ပြုစုပျိုးထောင်ပေးရန်လိုပါကြောင်း၊ တည်ဆောက်ရေးအပိုင်းတွင် အဓိကကျသည့် ဒီဇိုင်းပညာရပ်များကို ဌာနရှိဝန်ထမ်းဖြင့် တိုးတက်အောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုတံတားတည်ဆောက်ရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေကြသော ဌာနမှ ဝန်ထမ်းအင်ဂျင်နီယာများအနေဖြင့် အဆင့်မြင့်တံတားတည်ဆောက်ခြင်း နည်းပညာရပ်များကို လုပ်ငန်းခွင်မှလေ့လာသင်ယူ၍ လူ့စွမ်းအားအရင်းအမြစ်မြင့်မားလာအောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများပြီးစီးပါက လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေပြီး ယာဉ်ကြောပိတ်ဆို့မှုလျော့နည်းသွားမည်ဖြစ်ပါကြောင်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်အချိန်အတွင်းပြီးစီးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို ဂရုပြုဆောင်ရွက်ရန်မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတဘက်ခြမ်းတံတားတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း P.C Box Girder ထုတ်လုပ်နေမှုအခြေအနေကိုလည်းကောင်း၊ သန်လျင်ဘက်ခြမ်းသို့သွားရောက်၍ ချဉ်းကပ်တံတားနှင့် ရေလယ်တိုင်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လွန်းထိုးခြင်း (Launching) နည်းပညာကို အသုံးပြု၍ P.C Box Girder များတပ်ဆင်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးအပိုင်းတွင်အရေးကြီးသလို အရည်အသွေးထိန်းသိမ်းရေးအပိုင်းကိုလည်း အဓိကထားလုပ်ဆောင်ရန်လိုအပ်ကြောင်း တာဝန်ရှိသူများကို မှာကြားသည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)သည် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ကာပဲခူးမြစ်ကို ဖြတ်ကျော်တည်ဆောက်ထားပြီး တံတားအမျိုးအစားမှာ သံကူကွန်ကရစ်၊ သံမဏိကြိုးဆိုင်း၊ သံမဏိရက်မတို့ဖြင့် တည်ဆောက်ထားပြီး တံတားအရှည် ၈၆၃၉ ပေ၊ ပင်မတံတားအရှည် ၄၀၁၆ ပေ၊ ဆင်ခြေလျှောတံတားအရှည် ၃၇၈ ပေ၊ ချဉ်းကပ်တံတား အရှည် ၂၆၄၈ ပေ၊ ပင်မတံတားအကျယ် ၇၅ ပေ ယာဉ်လေးလမ်းသွားဖြစ်ပြီး တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်သည်။ ယခုအခါ တံတားတစ်စင်းလုံး (၇၀ ရာခိုင်နှုန်း)ပြီးစီးနေပြီး တံတားလုပ်ငန်းများ ၂၀၂၄ ခုနှစ် မေလအတွင်းပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကမာကြည်လမ်း သုဝဏ္ဏရှိတံတားဦးစီးဌာန အရည်အသွေးထိန်းသိမ်းရေးဌာနခွဲရုံးဓာတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေးပြီး ဓာတ်ခွဲခန်းသုံးပစ္စည်းများကို စနစ်တကျထိန်းသိမ်းရန်နှင့် လုပ်ငန်းခွင်အတွင်း ထိထိရောက်ရောက်အသုံးပြုရန် တာဝန်ရှိသူများကို မှာကြားသည်။

  Dec 29 2022

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်